Wednesday, May 30, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်အဖွဲ့အစည်းများ

The Voice Weekly ကဆောင်းပါးပါ။  ပြည်ထောင်စုအဆင့်ရောဂါကြောင်း ...................

---------------------------------------------------------------------------
---------------------------------------------------------------------------
 The Voice Wednesday, 30 May 2012 15:55 
ကျွန်တော်သည် အငြိမ်းစားဝန်ထမ်း တစ်ဦး ဖြစ်ပါသည်။ ကျွန်တော့်အနေနှင့် အမျိုးသားညီလာခံ ကျင်းပစဉ်ကလည်း အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်ပြီးနောက် ပေါ်ပေါက်လာသော လွှတ်တော် အသီးသီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို သတင်းစာနှင့် ဂျာနယ်များ မှတစ်ဆင့် ဖတ်ရှု ရသည့်အခါ လွန်စွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။ လွှတ်တော်အသီးသီးတွင် ကျွန်တော်နှင့်အတူ ညီလာခံ တက်ရောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များကို ရုပ်မြင်သံကြား သတင်းများတွင် မြင်တွေ့ ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။

သို့သော်လည်း အငြင်းမပွားသင့်သော ကိစ္စရပ်များအား လွှတ် တော်တွင် ဆွေးနွေးကြသည်ကို မြင်တွေ့ရသည့်အခါ အံ့ဩ မိပါသည်။ ပိုပြီး အံ့ဩစရာ ကောင်းတာကတော့ အမျိုးသားညီလာခံ ကိုယ်စားလှယ် တဖြစ်လဲ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနှင့် အငြင်းပွားတဲ့ အကြောင်းအရာတွေ အပေါ်မှာ ပါဝင် ဆွေးနွေးခြင်း မပြုသည်ကို သတိထား မိသည့်အခါ ပို၍ အံ့ဩမိပါသည်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၈)၊ အမှတ် (၁၆)၊ မေ ၃၊ ၂၀၁၂ မှာ အငြိမ်းစား ဥပဒေ ဝန်ထမ်းတစ်ဦး ဆိုသူက ဒီမိုကရေစီ ကျင့်စဉ် မြင့်မားရေး၊ ဥပဒေပြုရေးနှင့် ဥပဒေ ကျင့်သုံးရေး အပေါ် အတွေးများ မျှဝေခြင်း ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖတ်ရှု ရပါသည်။ မရှေးမနှောင်းမှာပဲ Bi Weekly Eleven ဂျာနယ်၊ မေ ၄၊ ၂၀၁၂မှာ 'လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်ကို အချက်အလက် ခိုင်လုံစွာ ပြုလုပ်ကာ ပြန်လည် အရေးဆိုရန် ပြည်ထောင်စု လွှတ်တော်နာယက က ပြောကြား' ဆိုသည့်ခေါင်းစဉ်နှင့် သတင်းပါလာတော့ ပညာရှိ သတိဖြစ်ခဲ ဆိုသလို
မရေးရင် မဖြစ်တော့၍ အခုလို ဖော်ပြ ရေးသား လိုက်ရခြင်း ဖြစ်ပါသည်။

ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော လွှတ်တော် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ အောက်ပါ အသေးစိတ် အခြေခံရမည့်မူများကို လေ့လာခြင်းဖြင့် အဖြေမှန် ရရှိလိမ့်မည်ဟု မျှော်လင့်မိပါသည်။

အမျိုးသား ညီလာခံက ခိုင်မာသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်လာရန်အတွက် အခြေခံရမည့် မူများနှင့် အသေးစိတ် အခြေခံရမည့် မူများကို အနှစ်သာရ ပြည့်ဝစွာဖြင့် ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရန် အမျိုးသား ညီလာခံ စုံညီ အစည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများကို ကန့်သတ်အဆင့် ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက စာအုပ်အဖြစ် ထုတ်ဝေ ထားပါသည်။ ယင်းစာအုပ်ကို အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။

အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့်မူများ စာအုပ်၊ အခန်း(၄)၊ ဥပဒေပြုရေး ခေါင်းစဉ်အောက်တွင် ဥပဒေပြုရေး ဆိုင်ရာ ဖွဲ့စည်းမှု အပိုင်း၊ အပိုဒ် ၁ဝတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

'၁၀။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏အဆင့်နှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ဥပဒေဖြင့်ပြဋ္ဌာန်းသည့်အခါ မှီငြမ်းပြုနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဒုတိယသမ္မတ အဆင့် သတ်မှတ်သည်။ ဒုတိယဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်သည်။'

အလားတူပင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့နှင့်စပ်လျဉ်း၍ အပိုဒ် ၁၈တွင် အောက်ပါအတိုင်း ဖော်ပြထားပါ သည်။

'၁၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့၏ အဆင့်နှင့် စပ်လျဉ်းပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့၏တာဝန်၊ လုပ် ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ဥပဒေဖြင့် ပြဋ္ဌာန်းသည့် အခါ မှီငြမ်းပြု နိုင်ရေးအတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကို ဒုတိယသမ္မတအဆင့် သတ်မှတ်သည်။ ဒုတိယဥက္ကဋ္ဌကို ပြည်ထောင်စု ဝန်ကြီးအဆင့်သတ်မှတ်သည်။'

လွှတ်တော်ကော်မတီများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကော်မတီများ ဖွဲ့စည်းခြင်းအောက်တွင် အပိုဒ် ၁၁(က) (၄)တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

'၁၁။ ပြည်သူ့လွှတ်တော်တွင်

(က) ပြည်သူ့လွှတ်တော်ကော်မတီများဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း ပြီး

(၄) ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော် ကော်မတီများ ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရမည်။'

ထို့အတူ အမျိုးသားလွှတ်တော် ကော်မတီများ ဖွဲ့စည်းခြင်း အောက်တွင် ၁၉(ဃ)၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်-

'၁၉။ အမျိုးသားလွှတ်တော် ကော်မတီများ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(ဃ) အမျိုးသားလွှတ်တော်သည် အမျိုးသားလွှတ်တော် ကော်မတီများ၏အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်း တို့ကို သတ်မှတ်ပေးရမည်။'

လွှတ်တော်ကော်မရှင်နှင့် အဖွဲ့များ အတွက်လည်း အပိုဒ် ၁၁(ခ) (၂)တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-

'၁၁။ ပြည်သူ့လွှတ်တော်တွင်-

(ခ) ပြည်သူ့လွှတ်တော် ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး-

(၂) ပြည်သူ့လွှတ်တော်သည် အထက်ပါ ကော်မရှင်နှင့် အဖွဲ့ များ ဖွဲ့စည်းသည့်အခါ ယင်းကော်မရှင် သို့မဟုတ် အဖွဲ့များ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို သတ် မှတ်ပေးရမည်။'

ထို့အတူ အမျိုးသားလွှတ်တော် ကော်မရှင်နှင့် အဖွဲ့များအတွက် လည်း အပိုဒ် ၂၀(ခ)၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်-

'၂၀။ အမျိုးသားလွှတ်တော် ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်း နှင့်စပ်လျဉ်းပြီး အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(ခ) အမျိုးသားလွှတ်တော်သည် အထက်ပါ ကော်မရှင်နှင့် အဖွဲ့များကို ဖွဲ့စည်းသည့်အခါ ယင်းကော်မရှင် သို့မဟုတ် အဖွဲ့များ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရမည်။'

ယင်းအခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းသည့်အခါ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရန်သာ ပါရှိပြီး ၎င်းတို့သည် လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်၍ အဆင့်သတ်မှတ်ပေးရန် မပါရှိသည်ကို သတိပြုရန် ဖြစ်ပါသည်။

ကျွန်တော့်အနေဖြင့် လွှတ်တော်အသီးသီးက ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်တို့ကို လေ့လာကြည့်သောအခါ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းသော ကော်မတီနှင့် ကော်မရှင်နှစ်ခု၊ အဖွဲ့ဝင် ၆၁ ဦး၊ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းသော ကော်မတီ၊ ကော်မရှင် ၂၄ ခု၊ အဖွဲ့ဝင် ၃၉၂ ဦး ပါဝင်ပြီး အမျိုးသားလွှတ်တော်က ဖွဲ့စည်းသော ကော်မတီ ၂၂ ခု၊ အဖွဲ့ဝင် ၂၈၇ ဦး၊ လွှတ်တော်အသီးသီးက ဖွဲ့စည်းသော ကော်မတီ၊ ကော်မရှင် ၄၈ ခု၊ အဖွဲ့ဝင် ၇၄၀ ဦးဖြစ် ပြီး အဖွဲ့ဝင်များတွင် လွှတ်တော်ကိုယ်စားလှယ် ၇၀၃ ဦးနှင့် အခြား ပညာရှင်ပုဂ္ဂိုလ် ၂၆ ဦးပါဝင်သည်ကို လေ့လာတွေ့ရှိရပါသည်။ အချို့ ကိုယ်စားလှယ်များ အနေဖြင့် ကော်မတီနှစ်ခုတွင် ပါဝင်ဖွဲ့စည်းထား သဖြင့် လူပုဂ္ဂိုလ် အရေအတွက်အားဖြင့် ၅၀၀ ကျော်ပါဝင်ပါသည်။ အထက်ပါ ပုဂ္ဂိုလ်များအားလုံး ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ ဖြစ်ကြပါက အဆောင်အယောင်နှင့် လစာစရိတ်များ မယူသည် ဆိုဦးတော့ အခြားအခြားသော ဝေယျာဝစ္စများကပင် မသေးလှကြောင်း တွေးမိ၍ ရင်မောမိပါသည်။ <!--more-->
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် အမျိုးသားညီလာခံ စုံညီအစည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့်မူများ အရ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သို့ပါလျက် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည် ထောင်စုအဆင့် အဖွဲ့အစည်းမဟုတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို အချက်အလက် ခိုင်လုံစွာ ပြုလုပ်၍ ပြန်လည်အရေးဆို ဆောင်ရွက်မှုများ ပြုလုပ်ရန် ပြည်ထောင်စု လွှတ်တော် နာယကအနေဖြင့် ၂၄-၄-၂၀၁၂ နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည့် သတင်းကို ဖတ်ရသောအခါ ညီလာခံ ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သော ကျွန်တော့်အတွက် အလွန်ပင် စိတ်ထိခိုက် ခံစားရပါကြောင်း ဖော်ပြ ရေးသားလိုက်ရပါသည်။

The Voice အယ်ဒီတာအဖွဲ့ ။     ။ ယခုဆောင်းပါးသည် အယ်ဒီတာအဖွဲ့၏ ရပ်တည်ချက်၊ မူဝါဒတို့နှင့် ကိုက်ညီခြင်း၊ မကိုက်ညီခြင်း၊ ဆောင်းပါးပါ အယူအဆ၊ ရပ်တည်ချက်တို့အပေါ် သဘောတူခြင်း၊ သဘောမတူခြင်းတို့ကို ကိုယ်စားမပြုဘဲ မတူညီသော သဘောထား အမြင်များအား ဖော်ပြပေးခြင်းသာ ဖြစ်ပါသည်။ ဤဆောင်းပါးပါ အယူအဆ၊ ရပ်တည်ချက်များနှင့် ကွဲလွဲသည့် အမြင်ရှုထောင့်မှ ရေးသား ပေးပို့သော ဆောင်းပါးများကို ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.